Myanmar Women’s League 2026-27 ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

May 29, 2026

Latest News

Myanmar Women League 2025-26 အမှတ်ပေးဆုဖလားကို ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း ရှုံးပွဲမရှိစံချိန်ဖြင့် ရရှိပြီး ချန်ပီယံဆုပေးပွဲအခမ်းအနားပြုလုပ်

January 31, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဆုဖလားကို ရယူနိုင်ခဲ့သည်။

ယနေ့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်ပွဲစဉ်အဖြစ် ISPE FC အသင်းနှင့် ဧရာဝတီအက်ဖ်စီအသင်းတို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရမှတ် (၄၀) ရရှိပြီး ဒုတိယနေရာမှ ISPE FC အမျိုးသမီးအသင်းကို သုံးမှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိသွားခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၅-၂၆ မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ရဂိုး (၂၂) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ဇင်မိုးပြည့်အား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း (၃၀) ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာခင်စောဦးက ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ Myanmar Women League 2025-26 ပြိုင်ပွဲတွင် တတိယရရှိခဲ့သည့် သစ္စာအားမာန်အမျိုးသမီးအသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆု ချီးမြှင့်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စံပယ်ကြည်က ချီးမြှင့်ပေးပြီး တတိယဆုကြေးငွေကျပ်သိန်း ၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ချီးမြှင့်ပေးခဲ့သည်။

အလားတူ ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရရှိခဲ့သည့် ISPE Women FC အသင်းအား တစ်ဦးချင်းငွေတံဆိပ်ဆုချီးမြှင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ချီးမြှင့်ပေး၍ ဒုတိယဆုအတွက်ဆုကြေးငွေကျပ်သိန်း ၃၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ချီးမြှင့်ပေးသည်။

ဆက်လက်၍ Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းအတွက် တစ်ဦးချင်း ရွှေတံဆိပ်ချီးမြှင့်ခြင်းကို အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ချန်ပီယံဆုကြေးငွေကျပ်သိန်း ၅၀၀ ကို ချီးမြှင့်ပေးမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ပေးကာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအသင်းသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည့် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းအား ချန်ပီယံဆုဖလားချီးမြှင့်ခြင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တက်ရောက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ယခုနှစ် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၉) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီအက်ဖ်စီအသင်းက ရမှတ် (၄၀)ဖြင့် အဆင့်(၁)၊ ယမန်နှစ်ချန်ပီယံ ISPE FC အသင်းက ရမှတ် (၃၇) မှတ်ဖြင့် အဆင့်(၂) နှင့် သစ္စာအားမာန်အသင်းက ရမှတ် (၃၄) မှတ်ဖြင့် အဆင့်(၃) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

Related News