ယနေ့ပွဲတွင် ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစ၌ပင် ဂိုးရရန် လျင်လျင်မြန်မြန် ကစားခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ယုယနိုင်က သွင်းပေးခဲ့ခြင်းဖြစ်သည်။ အထနှေးခဲ့သည့် ရတနာပုံအသင်းသည် တန်ပြန်တိုက်စစ်ဖြင့် ချေပဂိုး ပြန်လည်ရရန် ကြိုးပမ်းခဲ့သည်။ သို့သော် ပွဲချိန် ၃၂ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းက ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး ဆောင်းနှင်းဖွေးက သွင်းယူပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ရတနာပုံ အသင်းထက် ကစားပုံကောင်းခဲ့ပြီး ထပ်မံဂိုးရနိုင်သည့် အခွင့်အရေးများလည်း ရခဲ့သည်။

ဒုတိယပိုင်း အစတွင်လည်း ရှမ်းယူနိုက်တက် အသင်းက တိုက်စစ်ဆင်ခဲ့ပြီး ဂိုးအခွင့်အရေးများ ထပ်မံရခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ရတနာပုံအသင်းက ပင်နယ်တီမှ တစ်ဆင့် ချေပဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ဝင်းသင်္ဂီထွန်းက ကန်သွင်းပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အနိုင်ရလဒ်ကို ဆက်လက်ထိန်းနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ရတနာပုံအသင်းကို (၁-၂) ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။