ယနေ့ပွဲတွင် ရတနာပုံအသင်းသည် ဂိုးရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်တွင် သစ္စာအားမာန်အသင်းက စတင်ရခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုးကို ဝေဖူးအိမ်က ထောင့်ကန်ဘော အနီးမှ တိုက်ရိုက်ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ချေပဂိုး ပြန်လည်ရရန် တစ်သင်းလုံး ရှေ့တက်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းကလည်း တန်ပြန်တိုက်စစ်ဖြင့် ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် သစ္စာအားမာန်အသင်းက (၀-၁) ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ပထမပိုင်းကဲ့သို့ပင် ရတနာပုံအသင်းမှ ဖိအားပေးကစားခဲ့သော်လည်း သစ္စာအားမာန်အသင်းက ပွဲချိန် ၄၇ မိနစ်တွင် ဒုတိယဂိုး ထပ်မံရသွားခဲ့သည်။ ရတနာပုံအသင်း ဂိုးသမား အမှားကို အသုံးချကာ တိုက်စစ်မှူး မြတ်နိုးခင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၇၄ မိနစ်တွင် သစ္စာအားမာန်အသင်း တတိယဂိုး ထပ်မံရခဲ့ပြီး တိုက်စစ်မှူး မြတ်နိုးခင်က ခေါင်းတိုက်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် သစ္စာအားမာန်အသင်းက ရတနာပုံအသင်းကို (၀-၃) ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။