Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃)တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး၊တစ်ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားကို ဧရာဝတီအက်ဖ်စီ-ISPE FC ပွဲစဉ်မတိုင်မီ ယာယီဦးဆောင်နိုင်ခဲ့သည်။
Y.U.S.C ကွင်း၌ ကျင်းပခဲ့သော ယနေ့ပွဲစဉ်တွင် သစ္စာအားမာန်အသင်းအနေဖြင့် ပွဲထွက်လူစာရင်း အပြောင်းအလဲနှင့်အတူ ဦးဆောင်ဂိုးပါ ရရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်မြှင့်ကစားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ယနေ့ပွဲတွင် သစ္စာအားမာန်အသင်းအတွက် သွင်းဂိုးကို တိုက်စစ်မှူး မြတ်နိုးခင်က ၃၈ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမား ဒေစီအောင်က ၆၅ မိနစ်နှင့် တိုက်စစ်မှူး ဇင်မိုးပြည့်က ၇၁ မိနစ်တွင် ပင်နယ်တီမှတဆင့် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
သုံးပွဲကစားပြီး ရာနှုန်းပြည့် နိုင်ပွဲရရှိထားသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် (၄)တွင် နာမည်ကြီး ISPE FC အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းသည် ပွဲစဉ် (၄)တွင် ရန်ကုန်စီးတီးအက်ဖ်စီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။