ယနေ့ပွဲတွင် ပွဲစတင်သည်နှင့် တစ်ပြိုင်နက် ရန်ကုန်ယူနိုက်တက်အသင်းသည် Young Lionesses အသင်းဘက်သို ထိုးဖောက်ခဲ့သော်လည်း ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု ကြီးကြီးမားမား မရှိခဲ့ပေ။ ပထမပိုင်းပြီးခါနီးတွင် Young Lionesses အသင်း တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးသည် ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်ခဲ့ပြီး ဂိုးဘားတိုင်ထိမှန်ခဲ့၍ ဦးဆောင်ဂိုး ရမည့်အရေးမှ နစ်နာခဲ့ရသည်။ ထိုကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်း ၅၁ Young lionesses အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ကွင်းလယ်ကစားသမား နေမျိုးသူသူအောင်က ရန်ကုန်ယူနိုက်တက် နောက်တန်းနှင့် ဂိုးသမားတိုကို ကျော်ဖြတ်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ Young Lionesses အသင်း ဦးဆောင်ဂိုးရပြီး ငါးမိနစ်အကြာတွင် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး ဇင်မိုးပြည့်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးသည် Young Lionesses အသင်း ဂိုးသမားနှင့် နောက်တန်းကစားသမားများ၏ ပေါ့ဆမှုကြောင့် ပေးခဲ့ရသည့် ဂိုးတစ်ဂိုးဖြစ်သည်။ ပွဲချိန် ၆၂ မိနစ်တွင် Young Lionesses အသင်းမှ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရခဲ့သည်။ Young Lionesses အသင်း တိုက်စစ်မှူး ဆောင်းသဇင်၏ အဝေးကန်သွင်းဂိုးသည် ဂိုးတိုင်ထိ ထွက်ခဲ့ပြီး ပြန်ထွက်လာသည့် ဘောလုံးကို Nan Kham Hwan က ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒုတိယ ချေပဂိုး ပြန်လည်ရခဲ့ပြီး နှင်းဝေနှင်းက သွင်းပေးခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ဂိုးရှေ့တွင် ရှုပ်ထွေးနေသည့်အနေအထားမှတစ်ဆင့် နှင်းဝေနှင်းက ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ နာကျင်အချိန်ပို (၉၀+၂) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ စတုထ္ထဂိုး ထပ်မံရခဲ့ပြီး Young Lionesses အသင်း ဂိုးသမားနှင့် နောက်တန်းအမှားကို အခွင့်အရေးယူကာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဇင်မိုးပြည့်က သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက Young Lionesses အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ယနေ့ပွဲတွင် Young Lionesses အသင်းသည် ကစားပုံပိုကောင်းခဲ့သော်လည်း အမှားများကြောင့် အမှတ်ဆုံးရှုးခဲ့ရခြင်းဖြစ်သည်။