ယနေ့ပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်းသည် ပထမပွဲတွင် ကစားခဲ့သည့် ကစားသမားအနည်းငယ်ကိုသာ အပြောင်းအလဲပြုလုပ်၍ ပွဲထွက်လာခဲ့သည်။ ရတနာပုံအသင်းသည် ယနေ့ပွဲတွင် အသစ်ခေါ်ယူထားသည့် ပြည်ပကစားသမားများ ပါဝင်လာခဲ့သလို ဝင်းသိင်္ဂီထွန်းက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာခဲ့သည်။ ရတနာပုံအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်ဂိုးရရှိရန် ဖိအားပေးကစားခဲ့သည်။ ပွဲချိန် ၁၆၊ ၁၇ မိနစ်များတွင် ရတနာပုံအသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ဝင်းသိင်္ဂီထွန်းနှင့် မာရီယာတိုက သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းသည် ပထမပိုင်းအပြီးတွင် နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရတနာပုံအသင်းမှ လေးဂိုး ထပ်မံရခဲ့ပြီး မာရီယာ၊ ပင်မြင့်ယံနှင့် ဝင်းသိင်္ဂီထွန်း(နှစ်ဂိုး) အသီးသီး သွင်းယူပေးခဲ့ကြသည်။ ပွဲအပြီးတွင် ရတနာပုံအသင်းက ရန်ကုန်စီးတီး အသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။